ချောက် နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အခြေခံပညာကျောင်းများသို့ သွားရောက်ကာ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောင်းသား/သူများအား အမျိုးသားပညာရေး၊ တက္ကသိုလ်ပညာရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတို့နှင့် ယှဥ်တွဲပေါ်ပေါက်လာသော အမျိုးသားအောင်ပွဲနေ့အကြောင်း သိရှိစေရန်နှင့် ကောင်းမွန်မှန်ကန်သော မျိုးချစ်စိတ်ဓါတ်၊ အမျိုးသားရေးစိတ်ဓါတ်များ ထာဝရရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ လက်ကမ်းစာစောင်များအား ကျောင်းသား/သူများ လက်ဝယ်အရောက် ချောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများကဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၇.၁၂.၂၀၂၃ ရက်နေ့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားညီညွတ်ရေး၊ မွေးရာပါအမျိုးသားရေးတာဝန်၊ အမျိုးသားအောင်ပွဲနေ့ကဗျာ၊ အမျိုးသားရေးစိတ်ဓာတ် အားမာန်နှင့်ကာတွန်းများ ပါဝင်သည်။
ကျော်မိုး(ပြန်/ဆက်)