ခန္တီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးစာချစ်သူများ Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ခန္တီး နိုဝင်ဘာ ၂ဝ

ပြည်သူများအကြား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာပေအပေါ်ချစ်မြတ်နိုးတတ်စေရန် စာပေဖြင့်ဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်သူများ Book Club အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ ၁၃ နာရီအချိန်က အဆိုပါပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာပေချစ်သူများစာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်တင်မာဦးက စာဖတ်ဝိုင်းပြုလုပ်ပေးခြင်းသည် စာပေ၏တန်ဖိုးကိုသိရှိနားလည်စေရန် စာပေမြင့်လျှင်လူမျိုးတင့်မည် စာဖတ်ခြင်းသည်မိမိတို့အတွက် များစွာအကျိုးဖြစ်ထွန်းလာစေမည်စသည့်ရည်ရွယ်ချက်ဖြင့်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် စာရေးဆရာမ ခင်ခင်ထူးရေးသားသည့် သုံးဖန်လှစာအုပ်ဖြင့် ဆွေးနွေးရာ စာရေးဆရာမ၏ဇာတ်အိမ်တည်ဆောက်ပုံ ဇာတ်ကောင်များ၏လှုပ်ရှားဆောင်ရွက်ချက်များ ထင်ဟပ်လာပုံ စာဖတ်သူအားညှို့ငင်နိုင်စွမ်းရှိပုံများကိုဆွေးနွေးခဲ့ကြရာ မောင်ဟိန်းရှင်းသန့်က ဇာတ်အိမ်တည်ဆောက်ပုံအား ဝေဖန်ဆွေးနွေးကာ မချစ်စုကထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသူ စာချစ်သူစာဖတ်ဝိုင်းအဖွဲ့ဝင်များက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ဦးစီးမှူးက ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

အေးခိုင်(ပြန်/ဆက်)