ပခုက္ကူမြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံ

ပခုက္ကူ နိုဝင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ကြသည်။

ထိုသို့ ထိုးနှံပေးရာတွင် ပခုက္ကူမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦး၏ လမ်းညွန်မှုဖြင့် ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားနေကြသည့် အသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူ (၅၇၀) ဦးအား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေး (DT) ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ်မကျော်သော ကျောင်းသူ (၂၁၅) ဦး အား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းများ ဆောင်ရွက်ကြသည်။

အဆိုပါ ကာကွယ်ဆေးများကို နိုဝင်ဘာလလ ၂၃ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် ရောဂါကာကွယ်ဆေးကို ကျောင်းသား၊ကျောင်းသူ (၂၃၇၆) ဦးနှင့် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးကို ကျောင်းသူ (၇၈၉) ဦးတို့အား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)