ဟင်္သာတ နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ယမန်နေ့က ဆီထွက်သီးနှံနှင့်အခြားသီးနှံများ အထွက်တိုးစေရန်အတွက် ဝတ်မှုန်ကူးဝန်ဆောင်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပျားမွေးမြူရေး အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက ပျားမွေးမြူရေးလုပ်ငန်းသည် လူတို့အတွက် ပျားရည်ရရှိရုံသာမက ဆီထွက်သီးနှံများ ဝတ်မှုန်ကူးသည့် ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးသည့် အကျိုးပြုလုပ်ငန်းဖြစ်ကြောင်း၊ အပင်သီးနှံများ ဝတ်မှုန်ကူးဆောင်ရွက်နိုင်ခြင်း၊ ဆီထွက်သီးနှံများ အထွက်တိုးစေရေးအတွက် ပျားများစနစ်တကျ မွေးမြူထုတ်လုပ်နိုင်ရေးကိုရည်ရွယ်၍ ယနေ့သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်ခန်းစာများကို စနစ်တကျသင်ကြားဆောင်ရွက်၍ ဆီထွက်သီးနှံများ တိုးတက်မြင့်မားအောင်ဆောင်ရွက်ရာတွင်လည်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်သူမျိုးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူရေးဌာန(ခွဲ)မှ ပျားလုပ်ငန်းရှင် ဦးစိုးဌေးမှ သင်တန်းတွင် ပို့ချပေးမည့်သင်ခန်းစာများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဟင်္သာတခရိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးသော်ဇင်မောင်မှ သီးနှံစိုက်ခင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ဥက္ကဋ္ဌဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များသည် ပျားမွေးမြူရေးနှင့်ပတ်သက်သည့် သင်ထောက်ကူပစ္စည်းများအား လေ့လာကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ပျားမွေးမြူရေး အခြေခံသင်တန်းအား ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်တို့ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်မွေး/ကုဦးစီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတို့ တက်ရောက်ခဲ့ကြပြီးသင်တန်းကာလ ၂ ရက်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)