ထားဝယ် နိုဝင်ဘာ ၂၀
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်(၈) နာရီတွင် ထားဝယ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးလွင်တို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက်ကျောင်းသား/သူများက ကဗျာလွတ်အက၊ ဘင်ခရာနှင့်ပန်းပွားအက၊ ထားဝယ်ရိုးရာ ရေအိုးရွက်အက၊ Fittness Dance အကနှင့် “တနင်္သာရီကကြိုနေမယ်” သီချင်းဖြင့်ကပြ ဖျော်ဖြေနေမှု တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများကိုအဖွဲ့အလိုက်ချီးမြှင့်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ် ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့်၊ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှတ်တမ်း ဓာတ်ပုံများ၊ အထက်တန်းနှင့် အလယ်တန်းအဆင့် စကားရည်လုပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲများ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ မြန်မာသတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့်ကစားနည်း၊ ခွက်နင်းကစားနည်းများနှင့် စာအုပ်များခင်းကျင်းပြသထားနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိများကပါဝင်ယှဉ်ပြိုင်သောကျောင်းသား/သူများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ကျောင်းသုံးဗလာစာအုပ်များကိုပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကကျောင်းသား/သူများ၊ ဆရာ/မများ၊ သင်ကြားသင်ယူမှုတွင် အထောက်အကူဖြစ်စေရန်၊ ကျောင်းသား/သူများသည် စာကြည့်တိုက်မှတဆင့် အမျိုးသားယဉ်ကျေးမှုမြတ်နိုးစေရန်၊ အမျိုးဂုဏ်ဇာတိမာန်ထက်သန်စေရန်စသည့်ရည်ရွယ်ချက်များဖြင့်ဖွင့်လှစ်ထားရှိသည့် ကျောင်းစာကြည့် တိုက်အတွင်း စာပေဖတ်ရှုနေကြသော ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှု၍အားပေးသည်။
ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၇)မှ ကျောင်းသား/သူများ၊ အခြေခံပညာကျောင်းမှ လာရောက်လေ့လာသူများ၊ ပန်းကံ့ကော်ရနံ့ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် မုဒိတာကိုယ်ပိုင် အလယ်တန်းကျောင်းမှ ကျောင်းသား/သူစုစုပေါင်း (၁၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့်စာအုပ်ပြပွဲကိုစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကာ ပြိုင်ပွဲများတွင် ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)