မြိတ် နိုဝင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းကျေးရွာများအတွက် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ စီမံကိန်းကို မြိတ်မြို့နယ်အတွင်း ဘုတ်ချောင်းနှင့် သဘွတ်ကျေးရွာတို့တွင် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်းနှင့် ကျွဲကူးကျေးရွာတွင် အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျေးရွာတစ်ရွာလျှင် ကာလတိုသင်တန်း(၂)ကြိမ်စီ ဖွင့်လှစ်ခဲ့၍သင်တန်းသားများမှ ထူးချွန်သင်တန်းသား(၁၅)ဦးကိုရွေးချယ်ခဲ့ကာ လုပ်ငန်းထူထောင်ရန်တစ်ဦးလျှင်(၁၄)သိန်းနှင့်ညီမျှသာ လုပ်ငန်းသုံးစက်ပစ္စည်းများကို ယနေ့တွင် ပေးအပ်ခြင်းဖြစ်သည်။
လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲတွင် ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်က အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက စီမံကိန်း အကြောင်းအရာများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လုပ်ငန်းသုံးပစ္စည်းများကို ဒု-ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေး ကျေးရွာကော်မတီအဖွဲ့ခေါင်းဆောင်နှင့် ထူးချွန် သင်တန်းသူတစ်ဦးတို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။ ပေးအပ်ပွဲအပြီးတွင် တက်ရောက်လာ ကြသူများက ခန်းမအတွင်းရှိ လုပ်ငန်းသုံးပစ္စည်းများ ကြည့်ရှုအားပေးခဲ့ကြသည်။
ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းကို ဒေသတစ်ခုထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာပြီး တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်၊ အမျိုးသမီးများနှင့်လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့် ပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ သက်မွေးဝမ်းကျောင်းအထောက်အကူပြုနည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)