ကန့်ဘလူမြို့ အ.ထ.က(ခွဲ)ညောင်အိုင်၌ လူငယ်စကားဝိုင်းကျင်းပ

ကန့်ဘလူ နိုဝင်ဘာ ၂၀

လူငယ်များ၏ စွမ်းဆောင်ရည်များကို အားပေးမြှင့်တင်ခြင်းနှင့်လူငယ်များ၏ အတွေးအခေါ်အယူအဆများကို ပြောဆိုခွင့်ရရှိစေရေး၊ လူအများရှေ့တွင် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကန့်ဘလူမြို့ အ.ထ.က(ခွဲ)ညောင်အိုင်ထာဝရခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က(ခွဲ)ညောင်အိုင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က(ခွဲ)ညောင်အိုင် မှ G- 9 ကျောင်းသူ မမိုးသော်တာခိုင်က လူငယ်နှင့်ရည်မှန်းချက်၊ G- 9 ကျောင်းသား မောင်လှိုင်မျိုးထွန်းက လူငယ်နှင့်မူးယစ်ဆေးဝါး၊ G- 9 ကျောင်းသား မောင်ကောင်းထက်ကျော်က လူငယ်နှင့်စည်းကမ်း၊ G-8 ကျောင်းသူ မငွေစင်သန့်က လူငယ်နှင့် စာပေ၊ G- 8 ကျောင်းသား မောင်ငြိမ်းစည်သူက လူငယ်နှင့်ကျန်းမာရေးစသည့်ခေါင်းစဥ်များအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးပြောကြားသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အ.ထ.က(ခွဲ)ညောင်အိုင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူ ၂၆၅ ဦးခန့် တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြ​ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း