ပွင့်ဖြူ နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း (FFA) က မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးမြင့်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဌ ဦးမြင့်အောင်က သီးနှံများစိုက်ပျိုးရာတွင် အရည်အသွေးကောင်းမွန်သောသီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်တောင်သူအကျိုးဆောင်အသင်းမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများ ၊ အသင်းဝင်များ၏ လုပ်ငန်းတာဝန်များနှင့် အကျိုးခံစားခွင့်များ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းနိုင်ရေးဆိုင်ရာ လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော သဘာဝဓာတ်မြေဩဇာနှင့် အခြားသော စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အဆင်ပြေစွာ ဝယ်ယူရရှိရေး ကူညီဆောင်ရွက်ပေးမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်တောင်သူအကျိုးဆောင်ကော်မတီဝင်များက ဆောင်းသီးနှံစိုက်ပျိုးရာသီအတွက် ဒေသခံတောင်သူများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး ပြည့်လျှံသဘာဝမြေဩဇာကုမ္ပဏီနှင့် ချိတ်ဆက်၍ မြေဩဇာအိတ်များ ဖြန့်ဖြူးရောင်းချပေးမည့် အစီအစဉ်များနှင့် သဘာဝစိုက်ပျိုးရေး သွင်းအားစုပစ္စည်းများ ထုတ်လုပ်နည်းပညာများကို အသိပညာပေးဆွေးနွေးဟောပြေသည်။ ထို့နောက် တက်ရောက်လာသည့် ကျေးရွာတောင်သူအကျိုးဆောင်ကော်မတီဝင် များနှင့် ဒေသခံပြည်သူများက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော လယ်ထွန်စက်နှင့် သီးနှံရိတ်သိမ်းခြွေလှေ့စက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်းဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက တက်ရောက်လာသည့် ဒေသခံတောင်သူများကို သီးနှံအထွက်နှုန်းတိုးပွားရေးနှင့် အရည်အသွေးမြင့်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ငါးအမိုင်နိုအက်ဆစ်ပြုလုပ်ပုံအဆင့်အဆင့်နှင့် လက်တွေ့အသုံးပြုနည်းစနစ်များကို တောင်သူပညာပေး သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )