အင်္ဂပူ နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ-မ-က-မြို့မ(မြောက်)နှင့် အ-မ-က-မြို့မ ကျောင်းတို့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အင်္ဂပူမြို့နယ်တွင် ဆုံဆို့၊ မေးခိုင်ရောဂါ ကာကွယ်ဆေးကိုကျောင်းသား၊ ကျောင်းသူစုစုပေါင်း၈၃၀ဦးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကိုကျောင်းသူ ၄၀၁ ဦးတို့အား ယမန်နေ့က ထိုးနှံပေးခဲ့ကြောင်းနှင့် အင်္ဂပူမြို့နယ်တွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)