ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် မြန်အောင်မြို့နယ် အ.ထ.က(ခွဲ)စိန်ပန်း(ထူ)၌ လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာဟောပြောပွဲကျင်းပ

မြန်အောင် နိုဝင်ဘာ ၂၀

ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ပြည့်စုံပြီး လူရည်ချွန်မောင်မယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ နေ့လယ်က အ.ထ.က(ခွဲ) စိန်ကုန်း(ထူ)ကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်း ပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဇော်မင်းထွန်းက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

လူငယ်စကားဝိုင်းတွင် ပြန်/ဆက်ဦးစီးအရာရှိ ဦးဇော်မင်းထွန်းဦးဆောင်၍ Grade-10 မှ မောင်တိုးလွင်ဦးက လူငယ်နှင့်စာပေ ၊ Grade-10 မှ မောင်ကျော်ဇင်ထက်က လူငယ်နှင့်ကိုယ်ကျင့်တရား ၊ Grade-10 မှ မောင်အောင်သက်ဖြိုးက လူငယ်နှင့်အားကစား ၊ Grade-10 မှ မောင်ထက်ဝေယံလင်းက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်ကြသည့် ကျောင်းသား/သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြသည်။

ဆက်လက်၍ လူငယ်ရေးရာဟောပြောပွဲကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများအား ရဲအုပ်လွှမ်းမိုးထွန်းက လူကုန်ကူးမှုပပျောက်ရေးအကြောင်း အသိပညာပေးဟောပြောခြင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးမြင့်အောင်က စားသုံးသူများ၏ အခွင့်အရေးများ အကြောင်းအသိ ပညာပေးဟောပြော၍ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်မိုးဝါက မသန်စွမ်းသူများ၏အခွင့်အရေးများအကြောင်းအသိပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းစိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်အား ကျောင်းသား/ကျောင်းသူများ ကြည့်ရှုလေ့လာခဲ့ကြသည်။

ဝင်းဗိုလ် (မြန်အောင်)