ဒေးဒရဲ နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာမှု တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ကြည်မှုတိုးပွားစေရေးအတွက် မြို့နယ်အဆင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၃)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးက မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရေးအတွက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် စတင်ကျင်းပမည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သက်ဆိုင်ရာဌာနများက ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာ ကျင်းပပြီးစီးရေး ကြိုတင်ဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်လွင်အောင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ ပါဝင်ဆင်နွှဲမည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းရေးနှင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မြင့်မြင့်ခိုင်က မြို့နယ်အဆင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပသွားမည့်လုပ်ငန်းများနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ကြိုပို့ယာဥ်များ ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ပြပွဲပြခန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့် ဌာနများအလိုက် ပြခန်းများ ပြသသွားမည့် လုပ်ငန်းများအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုမှုတိုးပွားစေရေး အခြေခံပညာကျောင်းများအရောက် ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲများ၊ လူငယ်အသိပညာပေးဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း