စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး (၃၅) နှစ်မြောက် ကလးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားတက်ရောက်

မုံရွာ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူးကျင်းပပြုလုပ်သော (၃၅)နှစ်မြောက်ကလးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တရားသူကြီးချုပ်ဦးဇော်ထူး၊ စစ်ကိုင်းတိုင်း‌ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်မြင့်မြင့်အောင်နှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မိဘများနှင့်ကလေးများ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မြန်မာနိုင်ငံအနေဖြင့်  ကလေးသူငယ်အခွင့်အရေး(၄)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယနေ့ဟာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း စတင်ခဲ့ခြင်း (၃၅)နှစ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ ယခု(၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်ဆောင်ပုဒ်ကတော့ "အနာဂတ်သာကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး" ဖြစ်ပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးသိရှိနားလည်ပြီး ကလေးသူငယ်များ၏အခွင့်အရေးများကို ကလေးတိုင်း လက်လှမ်းမီတန်းတူညီတူရရှိနိုင်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိသူများမှ တက်တက်ကြွကြွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ကလေးသူငယ်များ၏အခွင့်အရေးများကိုလည်း ပိုမိုမြှင့်တင်ဖော်ဆောင်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တရားသူကြီးချုပ်ဦးဇော်ထူးနှင့် တာဝန်ရှိသူများက (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်အဖြစ် ကြယ်သီးတပ်၊ နို့ဆီဘူးဆင့်၊ အာလူးကောက်၊ အိတ်စွပ်၊ ပန်းချီ၊ ပုံပြင်၊ ကဗျာရွတ်၊ သီချင်းဆိုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယထူးချွန်ဆုရကလေးများအား ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တရားသူကြီးချုပ် ဦးဇော်ထူးနှင့်အဖွဲ့သည် မုံရွာမြို့ပေါ်ရှိ မုံရွာမူလတန်းကြိုကျောင်း၊ နန္ဒဝန်မူလတန်းကြိုကျောင်းနှင့် သလ္လာပရဟိတဂေဟာမှ ကလေးငယ်များ၏ တေးသီးချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုနှင့် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် Video Clip ပြသမှု‌တို့အား ကြည့်ရှုအားပေးခဲ့သည်။


ယင်းနောက် တက်ရောက်လာသောကလေးများအား လက်ဆောင်ပစ္စည်းများ အသီးသီးလက်ဝယ်အရောက်ပေးအပ်ပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)