အုတ်တွင်း နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း(ထန်းကုန်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်း(ထန်းကုန်း)ကျောင်းမှ အထက်တန်းပြဆရာမဒေါ်ခင်စန်းယုက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက စေ့စပ်ညှိနှိုင်းသူအဖြစ်ပါဝင်ဆောင်ရွက်ပြီး Grade-11 မှ ကျောင်းသား/ကျောင်းသူများ ဖြစ်ကြသောမောင်သူရန်ဦးက "လူငယ်နှင့်ကျန်းမာရေး"၊ မသော်တာစံက "လူငယ်နှင့် စာဖတ်ခြင်း"၊ မယုယငယ်က "လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး" ၊မယွန်းသော်တာက "လူငယ်နှင့်ပညာရေး"၊ Grade-10 မှ ကျောင်းသား/ ကျောင်းသူများဖြစ်ကြသော မောင်ဖုန်းခန့်ကျော်က "လူငယ်နှင့်စာရိတ္တ"၊ မခိုင်စံပယ်လှိုင်က "လူငယ်နှင့်မူးယစ်ဆေး" စသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက်လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည့် အချက်များကိုမေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းနှင့် လူငယ်စကားဝိုင်းသို့ တက်ရောက်လာသူများမှ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး၊ အမျိုးသားနေ့အထိမ်းအမှတ်အကြို အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)