ဆိပ်ဖြူ နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည့်ဆရာကြီး/ဆရာမကြီးများအား (၂၅)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အောင်မြင်စွာ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်သည်။
ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည့် ကျောင်းသား/ကျောင်းသူဟောင်းများက ဆိပ်ဖြူမြို့(အထ.က)၌ ပညာသင်ကြားပေးသည့် သက်ပြည့်အငြိမ်းစား ဆရာကြီး /ဆရာမကြီးများကို နှစ်စဉ် တန်ဆောင်မုန်းလဆုပ်(၁၀) ရက် အမျိုးသားနေ့၌ အာစရိယပူဇော်ပွဲကိုကျင်းပပြုလုပ်ခဲ့ပြီး (၂၄) ကြိမ်တိုင် အောင်မြင်စွာပူဇော်ခဲ့ကြသည်။ ၂၀၂၄ ခုနှစ် တန်ဆောင်မုန်းလဆုပ်(၁၀)ရက် အမျိုးသားနေ့၌ ရပ်ဝေး/ ရပ်နီးရှိ ကျောင်းသား/ကျောင်းသူဟောင်းများအနေဖြင့် ဆရာများ၏ဂုဏ်ကျေးဇူးများကိုရည်မှန်း၍ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အာစရိယပူဇော်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူဇော်ငွေများကို ပူဇော်ပွဲကျင်းပရေးကော်မတီများထံ ပေးပို့လှူဒါန်းလျက်ရှိပြီး အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီ ကျောင်းသား/ကျောင်းသူဟောင်းများက အာစရိယပူဇော်ပွဲ အောင်မြင်စွာကျင်းပရေးလုပ်ငန်းရပ်များ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီနာယက ဆရာကြီးဦးဉာဏ်အောင်နှင့် ဦးမောင်မောင်မြင့်(ဆရာကောင်း)တို့က အမှာစကားတက်ရောက်ပြောကြားပေးပြီး၊ အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် အတွင်းရေးမှူး ဦးရန်နိုင်မြင့်တို့က ယခင်နှစ်၏အာစရိယပူဇော်ပွဲလုပ်ငန်းစဉ်များ၊ ငွေစာရင်းရှင်းတမ်းများ ရှင်းလင်းပြောကြားပေးပြီး ငွေရတုအထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပမည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းဆောင်ရွက်ခဲ့ရာ ပညာသင်နှစ်အလိုက် ကျောင်းသား/ကျောင်းသူဟောင်းများက အာစရိယပူဇော်ပွဲအောင်မြင်ရေးအတွက် လုပ်ငန်းတာဝန် အသီးသီးယူဆောင်ခဲ့ကြသည်။
ဆိပ်ဖြူ(အ.ထ.က) ငွေရတုအထိမ်းအမှတ် အာစရိယပူဇော်ပွဲကြီး၌ ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်းနှင့်လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခြင်း၊ ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည့် ဆရာကြီး/ဆရာမကြီး(၁၂၈)ဦးတို့အား ပူဇော်ကန့်တော့သွားမည်ဖြစ်ကြောင်း ပြောကြားသိရှိရသည်။
ကိုဇွဲ (အညာမြေ)