ညောင်လေးပင် နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ညနေပိုင်း(၁၄:၀၀)အချိန်က ကြယ်စင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်ရီက အဖွင့်အမှာစကားပြောကြားပြီး ညောင်လေးပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မိုးစန္ဒာဝင်းက လူငယ်စကားဝိုင်းကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအားစတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းကဦးဆောင်ဆွေးနွေးကာ ကျောင်းသူမကံ့ကော်လှိုင်က "လူငယ်နှင့်မူးယစ်ဆေးဝါး"၊ ကျောင်းသူမတွယ်တာမြတ်နိုးက "စွမ်းဆောင်ချက်များအောင်မြင်ဖို့"၊ ကျောင်းသူမဆုလဲ့ရတနာက "အမှားတွေကိုကျော်ဖြတ်ရင်းအမှန်ရှိရာသို့"၊ ကျောင်းသား မောင်သာစံထွန်းက "WY ဆေးပြား (Peace)၊ ကျောင်းသား မောင်ဟိန်းမင်းဆက်-၁ က "လေးစားပါတယ် ဘဝတန်ဖိုး"၊ ကျောင်းသား မောင်အောင်ခန့်ဇော်က "မိတ်ဆွေအပေါင်းအသင်းဂရုစိုက်ပါ"အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား /ကျောင်းသူခြောက်ဦးက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ဆက်တဲမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင်ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်ကိုစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်
မြို့နယ် (ပြန်/ဆက်)