လိပ်သို နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “လူငယ်နှင့်ကြီးပွားရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ရာတွင် စာအုပ်မျိုးစုံကို ဖတ်ရှုသင့်ပါကြောင်း၊ မိမိအရွယ်နှင့် လိုက်ဖက်မည့် စာအုပ်စာတမ်းများကို ဖတ်ရှုခြင်းဖြင့် ပညာဗဟုသုတကို တိုးပွားစေသကဲ့သို့ ရသစာပေများကို ဖတ်ရှုခြင်းဖြင့် ခံစားမှု၊ စာနာနားလည်မှု၊ သဘောထားကြီးမြတ်မှုတို့ကို မွေးဖွားစေနိုင်ပါကြောင်း၊ စာဖတ်ခြင်းသည် တစ်နည်းအားဖြင့် အနုပညာကို ခံစားခြင်းဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောဝေယံဖြိုးလွင်က “ဘ၀စာမေးပွဲနဲ့ဘ၀တိုက်ပွဲ” ခေါင်းစဉ်အောက်မှ “လူငယ်တွေဟာ သုတစာပေ၊ ရသစာပေ၊ စာပေထဲက ခွန်အား၊ စွမ်းအားတွေကိုသာ အသုံးချလိုက်ရင် ပတ်ဝန်းကျင်နိုင်ငံတွေ ဖွံ့ဖြိုးနေပါတယ်ဆိုတာထက် သမင်တစ်လှမ်း၊ ကျားတစ်လှမ်းလို ကျော်တက်ပြီး ပိုမိုဖွံ့ဖြိုး သာယာမယ်ဆိုတာ ယုံကြည်နေပါကြောင်း၊ အထူးသဖြင့် ရသစာပေဟာ လူတွေရဲ့ နှလုံးသားတစ်ခုလုံးကို ချုပ်ကိုင်လွှမ်းမိုးချယ်လှယ်ပါကြောင်း၊ သို့ပေမယ့် ရသစာပေဂန္တဝင် စာကောင်းပေကောင်းတွေကို ဖတ်ဖူးသူနဲ့ မထိတွေ့ဖူးသူတို့ရဲ့ နှလုံးသားအရည်အသွေးဟာ တိုင်းတာလို့မရအောင် ကွဲပြားခြားနားလှပါကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “လူငယ်နှင့်ကြီးပွားရေး” စာအုပ်အား ဖတ်ရှုခြင်းဖြင့် လူငယ်များ မှန်ကန်သောအရည်အချင်း မြင့်မားကြပါမှ ပိုမိုဖွံ့ဖြိုးတိုးတက်သာယာသည့်အခြေအနေကို တည်ဆောက်နိုင်ကြမည်ဖြစ်သည့်အတွက် စာများများဖတ်ရှုခြင်းဖြင့် အသိအမြင်ဗဟုသုတများ ပိုမိုကြီးပွားထွန်းကားလာမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်