ဘုတ်ပြင်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရွည်ချွန် ဆုပေးပွဲကျင်းပ

ဘုတ်ပြင်း  နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားကို အ.ထ.က-ဘုတ်ပြင်းကျောင်းမှ အထက်တန်းကျောင်းသား၊ ကျောင်းသူများက ပညာပန်းခင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။ အ.ထ.က-ဘုတ်ပြင်းကျောင်းအုပ်ဆရာမကြီး ဒေါ်လှအေးက မိဘဆရာအသင်းနှစ်ပတ်လည်ကျင်းပသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အမှုဆောင်အသစ်များ ရွေးချယ်အတည်ပြုကြေညာခြင်းနှင့်ကျောင်းအကျိုးတော်ဆောင် ဦးထွန်းညွှန့်မှ ထောက်ပံ့မှုစာရင်းရှင်းတမ်းနှင့် ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ အတန်းအလိုက် ထူးချွန်ကျောင်းသားများ၊ လူရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းသားများအား သင်ကြားပေးသည့်အတန်းလိုက် ဘာသာရပ်သင်ဆရာ၊ ဆရာမများအား တက်ရောက်လာကြသူများက ထူးချွန်ဆုများနှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုနောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဧည့်ခံကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)