ပုလောမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဟောပြော၍ ကျောင်းသူများအား သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး

ပုလော နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက အသိပညာပေး ဟောပြောခဲ့သည်။

ထိုသို့ ဟောပြောရာတွင် ပြည်သူ့ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေး သူနာပြုဆရာမ ဒေါ်ဆုရည်မော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများသည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအစာများ စားသောက်မိခြင်းမှတဆင့် ကူးစက်ဖြစ်ပွားစေနိုင်ကြောင်း၊ ကာလဝမ်းရောဂါပိုးသည် ရောဂါဖြစ်သူထံမှ စွန်ပစ်သောမစင်တွင် ပါဝင်ကြောင်း၊ ဝမ်းလျှောရောဂါ ပြင်းထန်းသောအခါ ခန္ဓာကိုယ်အတွင်းမှ ရေနှင့်ဓာတ်ဆားများ လျင်မြန်စွာကုန်ခမ်းသွားသောကြောင့် အရည်ခမ်းခြောက်ခြင်းကို ဖြစ်စေကြောင်း၊ ရောဂါပြင်းထန်ပြီး အချိန်မီဆေးကုသခံယူခြင်းမရှိပါက အသက်ဆုံးရှုံးနိုင်ကြောင်းနှင့် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများကို အသိပေးဟောပြောပြီး၊  ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် ကျောင်းသူများအား သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HPV) ကိုလည်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)