သဲကုန်း နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အဓိကသီးနှံများ ပန်းတိုင်အတွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နည်းပညာဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့က သဲကုန်းမြို့နယ်၊ အင်းမတောင်သူပညာပေးစခန်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ နတ်တလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးအောင်မြင့်ထွေးက အဖွင့်အမှာစကားနှင့် အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြိုင်က နှမ်းသီးနှံပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စွာ ရရှိနိုင်ရေးအတွက် အထွက်နှုန်းတိုးတက်စေရန် ဆောင်ရွက်ရမည့် နည်းပညာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနခရိုင်ရုံးမှ တာဝန်ရှိသူများက မြေ/မျိုး/ပိုးနှင့်ပတ်သတ်၍ အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရန် လိုက်နာဆောင်ရွက်ရမည့် နည်းပညာများကိုလည်းကောင်း၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေးနှင့် တောင်သူများက တစ်ပိုင်တစ်နိုင် မျိုးထိန်းသိမ်းရေးနည်းပညာများကိုလည်းကောင်း၊ မြေဆီလွှာနှင့် သီးနှံအာဟာရဆိုင်ရာ နည်းပညာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် သဲကုန်းမြို့နယ်ဦးစီးမှူးဦးအောင်ဝင်းက မြို့နယ်အတွင်းဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ နည်းပညာဆွေးနွေးပွဲသို့ မြို့နယ်ရုံးမှဝန်ထမ်းများနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်၊ ပြန်/ဆက်