ကျွန်းစု နိုဝင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများအကြောင်းကို ယမန်နေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ အ.ထ.က (ခွဲ) ကဘင်းချောင်းကျောင်း၌ ကွင်းဆင်း၍ အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းဇော်ဝင်းက မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်သည့်နည်းလမ်းများ၊ ကမ္ဘာ့ဒီရေတောများ ပေါက်ရောက်ရာဒေသများ၊ မြန်မာနိုင်ငံရှိ ဒီရေတောပေါက်ရောက်ရာဒေသများ၊ ဒီရေတောများ၏ အသုံးဝင်ပုံနှင့် အကျိုးကျေးဇူးများအကြောင်းအား ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားပေးခဲ့သည်။
ထိုနောက် သစ်တောဦးစီးဌာနမှ ကျောင်းသုံး ဗလာစာအုပ်နှင့် ဘောပင်များကို ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန့်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မိုး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)