သရက်ချောင်းမြို့နယ်၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးခြင်း အခမ်းအနား ကျင်းပ

သရက်ချောင်း နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ စီစဉ်ဆောင်ရွက်သော သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးခြင်း အခမ်းအနားကို ယမန်နေ့က အ.ထ.က (သရက်ချောင်း) ပညာရတနာခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က (သရက်ချောင်း) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုး​အေးက သက်ကြီးရွယ်ဆိုသည်မှာ အသက် (၆၀) နှစ်နှင့်အထက်ရှိသော မြန်မာနိုင်ငံသားအားလုံးကို ဆိုလိုသည်။ အိုမင်းမစွမ်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာသို့မဟုတ် စိတ်ပိုင်းဆိုင်ရာချို့တဲ့ပြီး တစ်ပါးသူ၏ အကူအညီမပါဘဲ မိမိကိုယ်တိုင် ရပ်တည်နိုင်ခြင်းမရှိသော သက်ကြီးရွယ်အိုကို ဆိုလိုသည့် သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှုမြှင့်တင်ရန်၊ လိုအပ်သည့်နည်းပညာများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကူအညီများပေးရန် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ သက်ကြီးရွယ်အိုများ သက်သေခံကတ်ပြားထုတ်ပေးခြင်းနှင့် ကိုင်ဆောင်အသုံးပြုပုံများ၊ မိဘဘိုးဘွားများ စရိတ်ထောက်ပံ့ခြင်း၊ ကြည်ရှုစောင့်ရှောက်ခြင်းဆိုင်ရာများ၊ သက်ကြီးရွယ်အိုများအတွက် ကင်းလွတ်ခွင့်နှင့် လျှော့ပေါ့သက်သာခွင့်များ၊ ဝင်ငွေပုံမှန်ရရှိရေး၊ ရန်ပုံထူထောင်ခြင်းနှင့် ထိန်းသိမ်းသုံးစွဲခြင်းများ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသည့် ကျောင်းသား/ သူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အခမ်းအနားသို့ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမ​ကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)