ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘော်လီဘောလက်ရည်စမ်းယှဉ်ပြိုင်မှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး

ပုသိမ် နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် သက်ဆိုင်ရာအားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ စခန်းသွင်းလေ့ကျင့်နေသည့် အားကစားအဖွဲ့များ၏ လေ့ကျင့်ပြင်ဆင်နေမှုများကို ယမန်နေ့ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းသို့သွားရောက်၍ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသည့် အမျိုးသမီးဘော်လီဘောအသင်း၏ လက်ရည်စမ်းပြိုင်ပွဲယှဉ်ပြိုင်နေမှုနှင့် အမျိုးသားဘော်လီဘောအသင်း၏ လက်ရည်စမ်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုးသိန်းဘောလုံးအားကစားကွင်းတွင် လက်ရည်စမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် ရောက်ရှိနေသည့် လက်ဝှေ့အားကစားအဖွဲ့၏ လေ့ကျင့်ပြင်ဆင်နေမှုများအားလည်းကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲဝင်များ၏ လေ့ကျင့်ပြင်ဆင်နေမှုများအားလည်းကောင်း၊ အမျိုးသမီးဘောလုံးအသင်း၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ စားပွဲတင်တင်းနစ်၊ ဝူရှုးအားကစားသမားများ၏ လေ့ကျင့်ပြင်ဆင်နေမှုများအား လှည့်ပတ်ကြည့်ရှုခဲ့ပြီး စံချိန်ကောင်းများရရှိရန် ကြိုးစားကြစေလိုကြောင်း၊ နည်းပြများမှ စနစ်တကျလေ့ကျင့်ပြင်ဆင်ပေးစေလိုကြောင်းနှင့် အစားအသောက်နှင့်ကျန်းမာရေး အထူးဂရုစိုက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)