ချောက် နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကြီးနီစံပြကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သူသူအောင်က လေထုညစ်ညမ်းခြင်းနှင့် မီးခိုးမြူငွေ့အဓိပ္ပါယ်၊ မြန်မာနိုင်ငံအတွင်း တောမီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ တောမီးလောင်ကျွမ်းခြင်းကြောင့် ကမ္ဘာတစ်ဝှမ်း ကြုံတွေ့ရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ကျန်းမာရေးထိခိုက်မှုများအကြောင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ကာကွယ်ရေးလိုက်နာ ဆောင်ရွက်သင့်သည့် အချက်များအားလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးကြည်လင်က “ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့်မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းသား/သူလေးများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်သည့် မေးခွန်းများ မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအား ဗလာစာအုပ်ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား/သူလေးများအား မီးခိုးမြူငွေ့ညစ်ညမ်းမှု ကာကွယ်လျှော့ချရေး အသိပညာပေးလက် ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကြီးနီစံပြကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ကြူနှင့် ဆရာ၊ ဆရာမ ကျောင်းသား/သူ စုစုပေါင်း (၇၃) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)