ဟင်္သာတမြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ဟင်္သာတ နိုဝင်ဘာ ၂၀

ဧရာဝ‌တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများဖြစ်ပွား၊ သေဆုံးနှုန်းလျော့နည်းစေရေးအတွက် ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင် ဦးဆောင်သော ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော KG ကျောင်းသား/သူများကို ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး ဒုတိယအကြိမ် ထပ်ဆောင်း ကာကွယ်ဆေးကို ကျောင်းအခြေပြုထိုးနှံခြင်းနှင့် (၁-၉-၂၀၁၄)ရက်နေ့မှ (၃၁-၈-၂၀၁၅)ရက်နေ့အတွင်း မွေးဖွားသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သာ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ကျောင်းအခြေပြုထိုးနှံခြင်းကို ယမန်နေ့တွင် အ.ထ.က(၆) ၌ စတင်ထိုးနှံခဲ့ကြပါသည်။

ဟင်္သာတမြို့နယ်တွင် ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးကို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၈၈၉)ဦးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို စုစုပေါင်း ကျောင်းသူ (၃၈၂)ဦးတို့အား ထိုးနှံပေးခဲ့ပါသည်။

ယမန်နေ့မှစ၍ (၄)ရက်တာအတွင်း ဟင်္သာတမြို့နယ်ရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများတွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါကာကွယ်‌ဆေးထိုးနှံခြင်းကို ကျောင်းသားကျောင်းသူ စုစုပေါင်း(၅၇၀၀)ဦး အားလည်းကောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ကျောင်းသူစုစုပေါင်း (၂၄၇၅)ဦး တို့အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)