ပေါင်းတည် နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်အတွင်းသီးနှံများ အဓိကပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး၊ စံပြကွက်ကြီးများအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နည်းပညာဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့်အတူ ယမန်နေ့ နေ့လယ် ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်ကအဖွင့်အမှာစကားပြောကြားရာ သီးထပ်စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးမင်းက နည်းပညာဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှကြိုင်က နှမ်းပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နှမ်းဘောင်ကြီးတင်စိုက်ပျိုးရေးစနစ် နည်းပညာများကိုလည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံဒေါ်မြင့်မြင့်သိန်းက စပါး RS to CS မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာများကိုလည်းကောင်း၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်အေးအေးမင်းက မြေဆွေးပြုလုပ် သုံးစွဲနည်းပညာများကိုလည်းကောင်း၊ ခရိုင်ပိုးမွှားတာဝန်ခံ ဦးမင်းဇော်ဦးက ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်းနည်းပညာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တောင်သူ ၈၁ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၂၀ ဦး စုစုပေါင်း ၁၀၁ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား( ပြန်/ဆက်)