အထက်မင်းလှ နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းနှင့် အသက် (၅) နှစ်မှ (၆) အတွင်းရှိ KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို နိုဝင်ဘာလ (၁၈) ရက်နေ့တွင် စတင်ထိုးနှံပေးခဲ့ရာ ယနေ့နံနက် (၈) နာရီခွဲက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များနှင့် ဆုံဆို့၊ မေးခိုင်ရောဂါ ကာကွယ်ဆေးကို အသက် (၅) နှစ်မှ (၆) နှစ်အတွင်းရှိ KG ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဇင်မာဝင်းနှင့် ကျန်းမာရေးဆရာမများမှ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ကာကွယ်ဆေးထိုးနှံရန် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သည့် အမျိုးသမီးငယ်များအား ထိုးနှံရန်ဆေးလုံးရေ (၄၅၄) လုံး၊ ဆုံဆို့နှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံရန် ဆေးလုံးရေ (၁၀၂၀) လုံးရရှိထားရာ နိုဝင်ဘာလ (၁၉) ရက်နေ့အထိ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပြီးသူ (၃၈၀) ဦး၊ ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ (၉၁၄) ဦးရှိပြီး၊ ကျန်ရှိနေသည့် အမျိုးသမီးငယ်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)