မကွေး နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်းက ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာ စစ်ဘေးရှောင်မိသားစုများအတွက် နေအိမ်အဆောက်အဦနှင့် စစ်ဘေးရှောင်အိမ်ရာလမ်း ပြုပြင်ဆောက်လုပ်မှုနေမှုအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ဘေးရှောင်မိသားစုများအတွက် အဆောက်အဦ ဆောက်လုပ်ရန် အကွက်ချထားသည့် မြေနေရာတွင် နေအိမ်အဆောက်အဦ တည်ဆောက်ထားရှိမှုနှင့် စစ်ဘေးရှောင်အိမ်ရာလမ်း ပြုပြင်ဆောက်လုပ်မှု အခြေအနေများနှင့်ပတ်သက်၍ တိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုးမှ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားကာ၊ စစ်ဘေးရှောင်မိသားစုများအား နေထိုင်စားသောက်ရေး အဆင်ပြေစေဖို့အတွက် မကွေးမြို့နယ် မယ်လှတောင် ကျေးရွာအုပ်စု ချောင်းဖြူကျေးရွာ၏ အနောက်တောင်ဘက် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာတွင် စစ်ဘေးရှောင်မိသားစုများအတွက် (၃၂) ကွက်အပါအဝင် စုစုပေါင်း ၃၀ ပေ× ၄၀ ပေ (၁၁၁) နဲ့ ပေ ၃၀ အကျယ်လမ်း (၇) လမ်းဖြင့် ကောင်းမွန်စွာ နေထိုင်နိုင်ရေး နေအိမ် (၁) လုံးလျှင် အိမ်သာ (၁) လုံး အပါအဝင် (၂၁၃၉၀၀ဝိ/-) ကျပ်ဖြင့် နေအိမ် (၃၂) လုံးအား စနစ်တကျ စီစဉ်ဆောင်ရွက်ကာ နေထိုင်ရန်ချထားပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများ ကျောင်းများ ပြန်လည်တက်ရောက် ပညာသင်ကြားနိုင်ရေး၊ မိမိတတ်ကျွမ်းရာ အလုပ်အကိုင်ဖြင့် အလုပ်အကိုင်ရရှိ ဆောင်ရွက်နိုင်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အားပေးစကားများ ပြောကြားသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများသည် စက်တင်ဘာလ (၈) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ရောက်ရှိခဲ့ပြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးအတွက် ယာယီစီမံထားရှိကာ၊ စစ်ဘေးရှောင်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်မှုဖြင့် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါပုံး၊ မီးဖိုချောင်သုံးပစ္စည်း (၈) မျိုးပါပုံး၊ မိသားစုသုံးပစ္စည်း (၁၁) မျိုး ပါပုံး၊ သောက်ရေပုံး၊ သင်ဖြူးဖျာ၊ အမျိုးသား၊ အမျိုးသမီးတစ်ကိုယ်ရည် သုံးပစ္စည်း (၁၁) မျိုးပါအိတ်၊ စောင်၊ (၁၀) လီတာဆံ့ ရေပုံး၊ တာပေါ်လင်မိုးကာစသည်တို့အား စစ်ဘေးရှောင်ရောက်ရှိလာသော အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၀၃) ဦးအတွက် အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးထား ပြီးဖြစ်ကြောင်းနှင့် ယခုအခါ စစ်ဘေးရှောင်မိသားစုများ ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် နေအိမ်များ ဆောက်လုပ်ကာ အိမ်ထောင်စုအလိုက် နေရာချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်ညီညာ