ကျွန်းလှ နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နှမ်းဧက ၁၄၀၀၀ ကျော် စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြပြီး မြေပဲနဲ့ နှမ်းကို အဓိကထား စိုက်ပျိုးကြပါတယ်။ ဒီနှစ် ဆောင်းရာသီ နှမ်းစိုက်ပျိုးဖို့ ၁၄၀၃၃ ဧက လျာထားရာ လက်ရှိအချိန်ထိ ၁၄၀၃၆ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသိပညာပေးလျက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ နှမ်းစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ သိပ္ပံနည်းစိုက်နည်းစနစ် လိုက်နာကျင့်သုံးရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေး ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် (၂၀၂၄ - ၂၀၂၅) ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ မုံညှင်းစေ့ သီးနှံစိုက်ပျိုးရန် (၃၄၈၆၄) ဧက လျာထားပြီး ယနေ့အထိ ၃၀၁၇၆ ဧက (၈၆ ဒသမ ၅၅) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စာရင်းများအရ သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)