ပန်းတောင်းမြို့နယ် အ.ထ.က(ဆင်တဲ)၌ လူငယ်စကားဝိုင်း ကျင်းပ

ပန်းတောင်း နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၁၀)အချိန်က အ.ထ.က(ဆင်တဲ)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်​မြတ်မြတ်ထွေးက အဖွင့်အမှာစကားပြောကြားပြီ၊ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက လူငယ်စကားဝိုင်း ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအားစတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ဦးဆောင်ဆွေးနွေးကာ Grade-12မှ ကျောင်းသား မောင်အောင်ကောင်းမြတ်က "ဘဝခရီးအတွက်အတွေးအမြင်များ"၊ Grade-12မှ ကျောင်းသူမဆုမွန်ဟိန်းက "လူငယ်နှင့် အနာဂတ်ဝါသနာ"၊ Grade-12 မှ ကျောင်းသူ မမေဦးခိုင်က "စာဖတ်ခြင်းဖြင့်ကြီးမြင့်မည်" အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား /ကျောင်းသူသုံးဦးက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ဆက်တဲမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင်ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော အသိပညာပေးမူးယစ်ဆေးဝါးနံရံကပ်စာစောင်ကို ကြည့်ရှုကြကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)