ဘားအံ နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါးဧက ၄၂၅၈၈၄ ဧက စိုက်ပျိုးထားရှိပြီး တစ်ဧကအထွက်နှုန်း မှန်ကန်စွာရရှိနိုင်ရေး ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်ပေါင်း ၁၀၅၃ ကွက်ကို ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ ကော့လှိုက်တောင်ကွင်းရှိ တောင်သူဦးကျော်ငယ်၏ ဗျော့ထွန်း (ဧည့်မထကောင်း) ၃ ဒသမ ၂၅ ဧက၌ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှကျင်းပသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲမှ သိရသည်။
စံကွက်ရိတ်သိမ်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တောင်သူလယ်သမားများ၏ လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးသီးနှံများ၏ အထွက်နှုန်းတိုးတက်မြင့်မားရန် လိုအပ်ပြီး စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ စွမ်းပကားတိုးတက်မှုအခြေအနေကို သီးနှံအလိုက်၊ မျိုးကွဲအလိုက် အထွက်နှုန်းများ တိုင်းတာစိစစ်ရကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်ဖက်တွင်သီးနှံအထွက်နှုန်း မြင့်မားရေးကို ဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း သီးနှံများ တိုးတက်စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးရေး၊ စိုက်ပျိုးရေရရှိရေး၊ သီးထပ်သီးညှပ်တိုးမြှင့်စိုက်ပျိုးရေး၊ စွမ်းအားပြည့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့ကို ကူညီခြင်း၊ ထောက်ပံ့ခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူလယ်သမားများနှင့် ရပ်မိရပ်ဖများ အပါအဝင် တာဝန်ရှိသူအားလုံးနှင့် ပြည်သူတစ်ရပ်လုံးက စိုက်ပျိုးရေးကဏ္ဍ မြင့်မားလာစေရန်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝတိုးတက်မြင့်မားပြီး စားရေရိက္ခာဖူလုံကာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဇော်မိုးအောင်က စံကွက်ရိတ်သိမ်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က သီးနှံအထွက်နှုန်း တိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိရေးအတွက် စိုက်ပျိုးပြီးစီးသည့် မိုးစပါးဧကများ အနက် ကိုယ်စားအလွှာ(ကောင်း)ကို ကိုယ်စားပြုသောဗျော့ထွန်း(ဧည့်မထကောင်း) မိုးစပါးစိုက်ခင်းကို (၆ ဿမ ၆ ပေ x ၆ ဒသမ ၆ ပေ) ပတ်လည် ဧရိယာ ၀ ဒသမ ၀၀၁ ဧက စံကွက်သုံးကွက်အား ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့် တောင်သူများက မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်းမှ ကူဘိုတာရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးရိတ်သိမ်းခြင်း၊ ရိတ်သိမ်းပြီးလယ်မြေများအား ထွန်စက်ကြီးများဖြင့် ပြန်လည်ထွန်ယက်ခြင်းတို့ကို ဆောင်ရွက်ကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး တစ်ဧကအထွက်နှုန်း ၁၀၇ ဒသမ ၉၀ တင်းထွက်ရှိကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)