ချောင်းသာမြို့ စျေးများအတွင်း ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်

ချောင်းသာ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးကော်မတီအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များက ယမန်နေ့က စျေးများအတွင်း ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့အဆင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှု ဦးစီးကော်မတီအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များက ရွှေသာယာမြို့မစျေးနှင့် လမ်းမကြီး‌ဘေးများရှိ စျေးဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းများကို ဆောင်ရွက်ရာတွင် ပဲပြား၊ မျှစ်ချဉ်၊ ကြက်အူချောင်း၊ သရက်ချဉ်၊ မျှင်ငါးပိ၊ ငရုပ်သီးမှုန့်၊ ခေါက်ဆွဲဖတ်၊ ချဉ်ဖတ်စုံ စသည့် နမူနာ(၂၄)မျိုးအား ခွင့်မပြုဆိုးဆေးနှင့် အန္တရာယ်ရှိပစ္စည်းများပါဝင်နေခြင်း ရှိ/မရှိတို့ကို ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မျှင်ငါးပိ(၁၀)ပိဿာခန့်တွင် ခွင့်မပြုဆိုးဆေးပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရကြောင်းသိရပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးကော်မတီအဖွဲ့များပါဝင်သော တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ တိုက်နယ်ကျန်းမာရေးဌာန၊ ချောင်းသာနယ်မြေရဲစခန်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် စျေးကော်မတီအဖွဲ့များက ခွင့်မပြုဆိုးဆေးအသုံးပြုထားသော ဈေးဆိုင်(၂)ဆိုင်အား ပညာပေးခြင်းနှင့် ခံဝန်ကတိလက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုပါပစ္စည်းများကို ချောင်းသာမြို့ တိုက်နယ်ဆေးရုံဝန်းအတွင်း မြေမြှုပ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော် (ပြန်/ဆက်)