ကလေး နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်တွင် ယခုနှစ်မိုးရာသီ၌ မိုးသီးနှံစုစုပေါင်း(၁၉၄၂၉၀)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း ကလေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ကလေးခရိုင်တွင် မိုးစပါး(၁၂၇၁၅၇)ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး ယခုနှစ်ဇူလိုင်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ(၁၂၆၄၇၅)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ဖြစ်သည်။
ကလေးခရိုင်၏ မိုးစပါးစိုက်ပျိုးမှုတွင် အရည်အသွေးကောင်း ဈေးကွက်ကောင်းရရှိသော ဧရာမင်းစပါးမျိုး ဧရိယာအများဆုံး စိုက်ပျိုးထားရှိခဲ့ပြီး ယခုအချိန်တွင် နှံစားသီးနှံ (၁၄၉၃၅၄)ဧက စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ကလေးခရိုင်သည် မိုးသီးနှံစိုက်ပျိုးမှုတွင် ပဲမျိုးစုံ(၄၁၄၁)ဧက၊ ဆီထွက်သီးနှံ(၂၂၁၆၄)ဧကနှင့် အခြားစားသုံးသီးပင် (၁၅၇၀၅)ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် မိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကလေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံများအားလုံးစိုက်ပျိုးထုတ်လုပ်မှု ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေသခံတောင်သူများဖိတ်ခေါ်၍ နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများကျင်းပခြင်း၊ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များကူညီပေးခြင်း၊ စိုက်ပျိုးမည့်မျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးရေး လုပ်ငန်းသုံးသွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုဆောင်းသီးနှံရာသီနှံရာသီတွင်လည်း ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုက်အတွက်နှုန်းရရှိရေးလုပ်ငန်းများကို သက်ဆိုင်ရာစိုက်ပျိုးမွေးမြူရေး ညှိနှိုင်းမှုအဖွဲ့ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)