စစ်ကိုင်း နိုဝင်ဘာ ၁၉
စစ်ကိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပါရဂူခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးရဲထက်အောင် (၁)က ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအစီအစဉ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေဇင်စိုးက မီးခိုးမြူငွေ့အန္တရာယ် စုပေါင်းကာကွယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးရဲလတ်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေးအစီအစဉ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြပြီး မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး Video Clip ကို ပြသခဲ့သည်။
ထို့နောက် စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးရဲထက်အောင်(၁)မှ အ.ထ.က(၃) ကျောင်းအုပ်ကြီးအား သစ်တောကြေးမုံစာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းခရိုင် (ပြန်/ဆက်)