သံတောင်ကြီးဒေသထွက် ကင်ပွန်းသီးခြောက်များ ဝယ်လိုအားကောင်းနေ

သံတောင်ကြီး နိုဝင်ဘာ ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများ၏ မြေလွတ်မြေရိုင်းနေရာများ၊ ဥယျာဉ်ခြံများ၊ မြစ်ချောင်းများ၏ ဘေးပတ်ဝန်းကျင်များတွင် သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည့် ကင်ပွန်းသီးများကို ခူးယူပြီး အခြောက်ပြုလုပ်ထားသည့် ကင်ပွန်းသီးခြောက်များဝယ်လိုအား ကောင်းလျက်ရှိသည်။

ကင်ပွန်းသီးများသည် သစ်မာပင်များဖြစ်၍ တစ်နှစ်လျှင်တစ်ကြိမ်တည်းသာ အသီးသီးကာ သဘာဝအတိုင်းပေါက်ရောက်ကြသည်။ ယခုအခါ ဝယ်လိုအားကောင်းလာသည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်မြေလွတ်နေရာများတွင် ကင်ပွန်းသီးပင်များကို စီးပွားဖြစ်ပြန်လည် စိုက်ပျိုးလျက်သည်။ ကင်ပွန်းသီးများကို ခေါင်းလျော်ရည် ပြုလုပ်ရာခြင်း၊ ဆပ်ပြာရည်ပြုလုပ်ခြင်း၊ ချောင်းများအတွင်း ငါးဖမ်းသည့်အစာ ပြုလုပ်ခြင်းများတွင် အသုံးပြုကြသည်။

အဆိုပါ ကင်ပွန်းသီးများကို သံတောင်ကြီးမြို့နှင့် တောင်ငူမြို့ရှိ ကင်ပွန်းသီး ရောင်းဝယ်သူများထံတွင် ရောင်းချပြီး တစ်ပိဿာလျှင်ကျပ် (၅၀၀၀) မှ ကျပ် (၆၀၀၀) ထိရရှိကာ မိသားစုအပိုဝင်ငွေ ရရှိနေကြောင်းသိရသည်။

နော်နော်မူ