ဘားအံ နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ နိုဝင်ဘာလ ၁၉ ရက်နေ့နံနက်ပိုင်းက အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)တွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား ရင်းနှီးနွေးထွေးစွာ သွားရောက်တွေ့ဆုံအားပေး၍ အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အမှတ်(၂) တပ်မတော်ဆေးရုံကုတင်(၁၀၀)သည် ကရင်ပြည်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားမိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသော ဆေးရုံတစ်ရုံဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်မတော်ဆေးရုံကုတင်(၁၀၀)ပြင်ပလူနာဌာနတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသော တပ်မတော်သားမိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသော တပ်မတော်သား၊ ရဲမေ၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ဒေသများမှ ဒေသခံပြည်သူများအား တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ကြက်ဥ၊ ဘီစကစ်၊ ကွေကာအုတ်၊ ခေါက်ဆွဲခြောက် အစရှိသော အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၂)တပ်မတော်ဆေးရုံကုတင်(၁၀၀)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားပါရဂူများ၊ ဆရာဝန်များ၊ ဆေးမှူး၊ သူနာပြုနှင့် အကူဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ တောင်ကလေးတိုးချဲ့ မြို့ပြအိမ်ရာစီမံကိန်းအနီးတွင်တည်ရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)ကျောင်းသစ်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာကျောင်းခန်းမ၌ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသစ်ကြီးအား အောင်မြင်စွာဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအားသက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)ရှိ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ ဝန်ထမ်းအိမ်ရာ၊ ကျောင်းသား၊ကျောင်းသူအိပ်ဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိစေရေး စီမံဆောင်ရွက် ပေးရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက် ကလပ်အဝင်လမ်းနှင့်ကလပ်ပတ်လမ်း စုစုပေါင်းပေအရှည်(၇၈၀)ပေခန့်အား ပြည်နယ်လမ်းဦးစီးဌာနမှ ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)