ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့တွင်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ၊ မင်္ဂလာအောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ကျန်းမာရေးလုပ်ငန်းဆောင်ရွက်ပေးနေမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်ပွဲများသို့ တက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့၊ တိုင်းရင်သားအကအဖွဲ့နှင့် အိုးစည်အဖွဲ့များအား ဆုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တေဇာသီရိခန်းမတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ အသုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ခရိုင်၊ မြို့နယ်များအလိုက် အခြေခံပညာကျောင်းများတွင်အခြေခံ၍ ဆောက်ရွက်လာသည်မှာ (၁၆)ကြိမ်မြောက်သို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှင်သန်ခိုင်မာနေသည့် စာကြည့်တိုက် (၃၂၄)တိုက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျေးရွာများတွင် စာကြည့်တိုက်များ ထပ်မံဆောက်လုပ်ပေးခြင်း၊ ပြုပြင်မွမ်းမံပေးခြင်းများအပြင် စာကြည့်တိုက်များတွင် အသုံးပြုရန်လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ စာပေအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စည်းကမ်းစနစ်ကျစွာ ပြုမူနေထိုင်ကြရန် လိုအပ်ပါကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်မောင်မယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွံဖြိုးဝေဆီ ဧရာဝတီဓာတ်ပုံပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပညာရေးသင်ထောက်ကူပြခန်း၊ ကလေးစာဖတ်ခန်း၊ ဖွံ့ဖြိုးဝေစည်ဧရာဝတီ ပြိုင်ပွဲဝင်ဓာတ်ပုံပြခန်း၊ ကြက်ခြေနီပြခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ပြခန်းအစရှိသည့် ပြခန်းများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ မင်္ဂလာအောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများမှ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လာရောက်ကုသမှုခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် မျက်စိအထူးကု၊ အရေပြားအထူးကု၊ သွားဘက်ဆိုင်ရာအထူးကု၊ အရိုးအကြောအဆစ်အထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု၊ ကလေးအထူးကု၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ ခွဲစိတ်အထူးကု၊ အထွေထွေရောဂါကုသမားတော်၊ စိတ်ရောဂါအထူးကုနှင့် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများက ဆေးကုသပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်အား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပြီး ဆရာတော်ကြီးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဌာနမှူးက မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးမည့် အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်မကုသမီလူနာများ၊ ခွဲစိတ်ကုသရန်စောင့်ဆိုင်းနေသည့် လူနာများနှင့်ခွဲစိတ်ကုသပြီးလူနာများအား လိုက်လံကြည့်ရှုအားပေးစကားများ ပြောကြားခဲ့သည်။

ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁၈.၁၁.၂၀၂၄) ရက်နေ့မှ (၂၂.၁၁.၂၀၂၄) ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ(၁၀၅)ဦးအား ခွဲစိတ်ကုသပေးသွားရန် စီစဉ်ထားရှိပြီး ခွဲစိတ်ကုသရန်ကျန်ရှိလူနာများ စာရင်းပေးလာရောက်သူများရှိပါကလည်း ထပ်မံခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုဝင် စပါးမျိုးများ စုဆောင်းခြင်းဆိုင်ရာ နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအများဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်သည်နှင့်အညီ နှစ်စဉ်မိုးစပါး စိုက်ဧက (၃၇) သိန်းကျော်နှင့် နွေစပါးစိုက်ဧက (၁၄) သိန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ နှစ်စဉ် မိုးစပါးစိုက်ဧက (၈) သိန်းနီးပါးကို ပေါ်ဆန်းစိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းမှ ပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုဝင်မျိုးများ စုဆောင်းခြင်းဆိုင်ရာ နည်းပညာများကို သိရှိလာခြင်းဖြင့် ပေါ်ဆန်းစပါးမျိုးများ၏ မူလအရင်းအမြစ်၊ ဗီဇနှင့်အရည်အသွေးလက္ခဏာများကို မှတ်တမ်းများပြုစုနိုင်ပြီး၊ အလားအလာရှိသောမျိုးသစ်များ စမ်းသပ်ဖော်ထုတ်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ပေါ်ဆန်းသုတေသနပညာရှင်များ၊ ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ် (၂၆) မြို့နယ်မှ စိုက်ပျိုးရေးဝန်ထမ်းများ ပါဝင်သဖြင့် မြို့နယ်များတွင် ကြုံတွေ့ရသော ပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ပတ်သက်သည့် နည်းပညာရပ်များနှင့် အခက်အခဲများ၊ ပေါ်ဆန်းမျိုးများအကြောင်း အမြင်ခြင်းဖလှယ်ခွင့်၊ ဆွေးနွေးခွင့်များလည်းရရှိပြီး ဖြေရှင်းနိုင်မည့် ရလဒ်ကောင်းများရရှိလာမည်ဖြစ်သဖြင့် ပေါ်ဆန်းတစ်ဧကအထွက်နှုန်း တိုးတက်စေရန်နှင့် အရည်အသွေးကောင်းမွန်လာစေရန် အထောက်အကူပြုမည်ဟုလည်း မျှော်လင့်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သက်သက်ဦးတို့က နည်းပညာသင်တန်းကျင်းပရခြင်း၊ ပေါ်ဆန်းဗီဇမျိုးကွဲများအား စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြန်လည်အသုံးချခြင်းဆိုင်ရာသင်တန်း ပြုလုပ်ရခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မျိုးစုဆောင်းခြင်းနှင့်ပတ်သက်သည့် Video Clip အား ကြည့်ရှုခဲ့ကြသည်။

အဆိုပါသင်တန်းကို ၁၈.၁၁.၂၀၂၄ ရက်နေ့မှ ၁၉.၁၁.၂၀၂၄ ရက်နေ့ထိ (၂) ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပေါ်ဆန်းစပါးသုတေသနပညာရှင်များက ပေါ်ဆန်းစပါးမျိုးများ၏ ဗီဇအရင်းအမြစ်များ ထိန်းသိမ်းထားရှိမှုများ၊ မျိုးဗီဇအရင်းအမြစ်များ စုဆောင်းခြင်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်မှ ဝန်ထမ်း (၅၄)ဦးအား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)