ပလောက်မြို့၊ ဘုရားကြီးကျောင်းတိုက်၊ ဓမ္မာရုံ၌ အရှင်သူရိယ၏ဓမ္မပူဇာသဘင် အထူးတရားပွဲ ကျင်းပ

ပလောက် နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊အမှတ်(၁) ရပ်ကွက်၊ ဘုရားကြီးကျောင်း ဓမ္မာရုံအတွင်း၌ ရန်ကုန်တိုင်း မြို့ရတနာကံလှ ကျောင်းတိုက်ဆရာတော် အရှင်သူရိယ၏ ဓမ္မပူဇာသဘင်အထူးတရားပွဲကို ယမန်နေ့ည ၇ နာရီအချိန်မှစ၍ ကျင်းပပြုလုပ်ရာ ဓမ္မသဘင်ပွဲသို့ မ,တည်အလှူရှင်များနှင့် ရပ်ကွက်အတွင်းမှဗုဒ္ဓဘာသာဝင်သူတော်စင်/သူတော်ကောင်းများ အထူးများပြားစွာ တရားတော်နာလာရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဓမ္မပူဇာသဘင်ပွဲလာလူပရိသတ် အပေါင်းတို့ကနမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်၍ ဓမ္မသဘင်အထူးတရားပွဲကိုဖွင့်လှစ်ပြီး ဆရာတော် အရှင်သူရီယအား ဂေါပကလူကြီးများက မဟာဓမ္မ ပလ္လင်ပေါ်သို့ပင့်ဆောင်ပေးပြီး ဆရာတော်က လူပရိသတ်အပေါင်းတို့အား ငါးပါးသီလနှင့်(စိတ်အကြောင်းသိကောင်းစရာ) နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို ချီးမြှင့် မြွက်ကြားပေးတော်မူသည်။

ထို့နောက်ဆရာတော်အရှင်သူရိယအား တရားပွဲဖြစ်မြောက်ရေး မ,တည်အလှူရှင်များ၊ တရားပွဲ လာပရိတ်သတ်များက ဓမ္မပူဇာဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ၍ အလှူအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ် ရွတ်ဆိုကာဓမ္မသဘင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်(ပြန်/ဆက်)