ထားဝယ် နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲများကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က အမျိုးသားအောင်ပွဲနေ့ဖြစ် ပေါ်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ ကျောင်းနေအရွယ်ကလေးဘဝမှ စတင်ပြီး နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ နိုင်ငံတော်နှင့် အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်၏အရေးပါမှု စသည့် ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာ ပေးဆောင်ရွက်ချက်မှတ်တမ်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)