ကော့သောင်းမြို့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)နှင့်(တိုင်းဒေသကြီးအဆင့်)ဆုရရှိခဲ့သော ပြိုင်ပွဲဝင်များ အားထပ်ဆင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ကော့သောင်း  နိုဝင်ဘာ ၁၉

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)နှင့်(တိုင်းဒေသကြီးအဆင့်)ဆုရရှိခဲ့သော ကော့သောင်းခရိုင်မှ ပြိုင်ပွဲဝင် များအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့‌ညနေပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့ရာအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆုရပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးအောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ရေးအတွက် ဦးတည်ချက်(၄)ရပ်ချမှတ်ပြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ (တိုင်းဒေသကြီးအဆင့်)တွင် ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်အသီးသီးအား ခရိုင်ကိုယ်စားပြုဆွတ်ခူး ရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များလည်းကောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် ငွေတံဆိပ်(၂)ဆုနှင့် ကြေးတံဆိပ်(၁)ဆု ဆွတ်ခူးရရှိသဖြင့်အထူးပင် ဝမ်း‌မြှောက်ဂုဏ်ယူကြောင်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ထို့နောက် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)နှင့်(တိုင်းဒေသကြီးအဆင့်)တွင် ကော့သောင်းခရိုင်မှ ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအဖွဲ့နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဂုဏ်ပြုဆုနှင့်ဆုချီးမြှင့်ငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့်ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုညစာဖြင့် တည်းခင်းဧည့်ခံကျွေးမွေးခဲ့ကြပြီး ဆုရရှိခဲ့ကြသော အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များမှ  တူရိယာများ၊ အဆို၊ အကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက် )