သံတောင်ကြီးဒေသထွက် ကွမ်းသီးများအထွက်နှုန်းလျော့နည်းသော်လည်း ဈေးကောင်းရရှိ

သံတောင်ကြီး      နိုဝင်ဘာ  ၁၇

ကရင်ပြည်နယ်၊   သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီးဒေသခံပြည်သူများမှာ အများအားဖြင့်  ဥယျာဉ်ခြံလုပ်ငန်းကို   အသက်မွေးဝမ်းကျောင်းအနေနှင့်  အဓိကလုပ်ကိုင်   ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် သံတောင်ကြီးဒေသထွက်  ကွမ်းသီးများ အထွက်နှုန်းလျော့နည်းသော်လည်း ဈေးကောင်းရရှိနေကြောင်း သိရသည်။

သံတောင်ကြီးဒေသ  ကွမ်းသီးစိုက်ပျိုးတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းအတွက် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှစကာ အပင်သက်တမ်း(၇)နှစ်တွင် စတင်သီးပြီး အသီးရင့်မှည့်သည့် အောက်တိုဘာမှ ဒီဇင်ဘာလတွင် ခူးယူရောင်းချနိုင်ပြီ ဖြစ်သည်။

အဆိုပါ ကွမ်းသီးပင်တစ်ပင်လျှင် အရင့်မှည့်သီးများကို နှစ်ပြန်အထိခူးယူနိုင်ပြီး ယခင်ကွမ်းသီးအခြောက် (ပြောင်သီး) တစ်ပိဿာ ကျပ် (၃၀၀၀) အရွေးသီးတစ်ပိဿာ ကျပ်(၄၀၀၀)ထောင်အထိ ရရှိသော်လည်းယခုနှစ်တွင် ကွမ်းသီးအခြောက် (ပြောင်သီး) တစ်ပိဿာ ကျပ် (၁၂၀၀၀)၊ အရွေးသီးတစ်ပိဿာ ကျပ် (၃၂၀၀၀) ထောင်အထိ ရရှိနေကြောင်း ကွမ်းသီးရောင်းဝယ်လုပ်ကိုင်သူ ဦးစောသာဝါးထံက သိရသည်။

နော်နော်မူ