မကွေး နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ "မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သိကောင်းစရာများ"ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟန်သီရိအောင်က မီးခိုးမြူငွေ့အဓိပ္ပာယ်၊ မီးခိုးမြူငွေ့ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့တွင်ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ရောဂါများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းများ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၁၂)ဦးအား အသိပညာပေးဟောပြောခဲ့ပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)