ဒေးဒရဲမြို့နယ် Community Centre ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပြင်ပဗဟုသုတများ ပိုမိုရရှိနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သင်းသင်းမွန်က လူကုန်ကူးမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများ၊ ကြိုတင်သတိထားလိုက်နာရမည့်အချက်များနှင့် မြို့နယ်အတွင်း၌ လူကုန်ကူးဖြစ်ပွားမှုမရှိစေရေး သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများကို အသ်ပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး ကဗျာရွတ်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် မြို့နယ်ရုံးက ပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း