ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူပညာပေးဆွေးနွေးပွဲ ပြုလုပ်

ပွင့်ဖြူ နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ ပြည်တော်အေးဓမ္မာရုံ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အရည်အသွေးကောင်းမွန်သောသီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်တောင်သူအကျိုးဆောင်အသင်းမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းနိုင်ရေး တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အသင်းဝင်များ၏ လုပ်ငန်းတာဝန်များနှင့် အကျိုးခံစားခွင့်များ၊ စိုက်ပျိုးရေးလုပ်ငန်း အဆင်ပြေစေရန်အတွက် သဘာဝဓာတ်မြေဩဇာနှင့် အခြားသော စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများကို တောင်သူများ စုပေါင်းဝယ်ယူရရှိနိုင်မည့် အခြေအနေများကို အသိပညာပေးဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည့်လျှံသဘာဝမြေဩဇာထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းမှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးလုပ်ငန်းတွင် လိုအပ်သော စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများနှင့် ပြည့်လျှံအမှတ်တံဆိပ် သဘာဝမြေဩဇာဖြန့်ဖြူးရောင်းချပေးမည့် အစီအစဉ်များကို ချပြရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် တောင်သူအကျိုးဆောင်ကော်မတီဝင်များနှင့် ဒေသခံပြည်သူများက စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်းဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည့်လျှံသဘာဝမြေဩဇာထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ကျေးရွာတောင်သူအကျိုးဆောင်ကော်မတီဝင်များနှင့် ဒေသခံတောင်သူများ၊ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)