ပွင့်ဖြူ နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပလတ်စတစ်ပစ္စည်းများနှင့် ပလတ်စတစ်အိတ်များ အလွန်အကျွံအသုံးစွဲခြင်းကြောင့် တွေ့ကြုံရမည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအန္တရာယ် လျော့နည်းစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းကို ယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ဈေးကော်မတီဝင်များ ပူပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများကို ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်အိတ်များသုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ဖြင့်သာ စနစ်တကျထုပ်ပိုးရောင်းချကြရန်၊ ဈေးရောင်းဈေးဝယ်ရာတွင် လက်ဆွဲခြင်းများတစ်ပါတည်း ယူဆောင်လာကြရန်၊ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါး၊ အသီးအရွက်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချကြရန်၊ ဈေးရောင်းပြီးချိန်တိုင်း ဈေးဆိုင်ခန်းများဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိအောင် ပြုလုပ်ဆောင်ရွက်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ ဈေးရောင်းဈေးဝယ်များကို သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေးအတွက် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ကို အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)