ကျွန်းလှ နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်မိုးရာသီစိုက်ပျိုးသော ပဲစင်းငုံစိုက်ခင်းများ ပိုးမွှားရောဂါ ကျရောက်မှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
“ကျွန်းလှမြို့နယ်မှာ ပဲစင်းငုံသီးနှံကို သီးသန့်စိုက်ပျိုးကြသလို မြေပဲ၊ ပြောင်းသီးနှံတို့နဲ့ သီးညှပ်လည်း စိုက်ပျိုးကြပါတယ်။ အခုအခါ ပဲစင်းငုံစိုက်ခင်းတွေမှာ ပန်းပွင့်ချိန် ပင်ညိုးရောဂါဖြစ်တတ်ပြီး ပွင့်ထွေးရောဂါ ကျရောက်တတ်တဲ့အတွက် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါတယ်။ သီးထပ်စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီကပြောသည်။ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ (၁၁၅၃၅) ဧက၊ ပဲတီစိမ်း (၅၄၁၅) ဧက စုစုပေါင်း (၁၆၉၅၀) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)