ရွှေတောင်မြို့နယ်၊ တောင်လုံးညိုကျေးရွာ၊ ပညာအားမာန်စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်လှစ်

ရွှေတောင် နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ်သိန်း (၁၅၀) ဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများ အလွယ်တကူ စာပေဖတ်ရှုလာနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ၊"ပညာအားမာန်"စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ စာကြည့်တိုက်အဆောက်အအုံသစ်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် "ပညာအားမာန်" စာကြည့်တိုက်ရှေ့တွင် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက စာကြည့်တိုက်အတွင်း  လှည့်လည်ကြည့်ရှုအားပေးသည်။ ယင်းနောက် ကသစ်တိုင်းကျေးရွာအုပ်စု၊  တောင်လုံးညိုကျေးရွာ၊ ပညာအားမာန်စာကြည့်တိုက်အတွက် စာအုပ်စာစောင်များဝယ်ယူရန် ငွေကျပ်သိန်း(၃၀)အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)