မင်းလှမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ

အထက်မင်းလှ  နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားရာ၌ ကျောင်းသားလူငယ်များအား စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်အတွက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာကော်မတီများဖွဲ့စည်းပြီး ကျင်းပဆောင်ရွက်မည်ဖြစ်၍ ကော်မတီအလိုက်ပါဝင်သည့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ကြရန်‌ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်ဇာဇာငြိမ်းက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် ကော်မတီအလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စာပေပြိုင်ပွဲများ၊ ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် ဌာနဆိုင်ရာပြခန်းပြပွဲများ ကျင်းပမည့်အစီအမံများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ဆွေးနွေးခဲ့ကြရာ‌ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။     

ဇာဇာ(အထက်မင်းလှ)