လိပ်သို နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိကော်ဖီစိုက်ပျိုးဖြစ်ထွန်းသော ကျေးရွာများတွင် အာရေးဗီးကား (ARABICA) ကုန်းမြင့်ကော်ဖီမျိုးနှင့် ရိုဘတ်စတာ ကော်ဖီမျိုး များကို အဓိကထားစိုက်ပျိုးကြပြီး အာရေးဗီးကား ကော်ဖီမျိုးများမှာ စောစောရင့်မှည့်သဖြင့် ဒေသခံများက စတင်ဆွတ်ခူးလျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသူများက အရည်အသွေးကောင်းမွန်သော ကော်ဖီစေ့များရရှိရန် နည်းစနစ်တကျ စတော်ဘယ်ရီသီးအရောင်သို့ ရောက်ရှိမှ ဆွတ်ခူးသော်လည်း ဥယျာဉ်ခြံများတွင် စိုက်ပျိုးထားသော အပင်များကိုမူ လေလွင့်ဆုံးရှုံးမှု မရှိစေရန် ရောနှောဆွတ်ခူးကြကြောင်းသိရသည်။
ကော်ဖီဈေးကွက် ခိုင်မာမှုရှိခြင်းနှင့် ဈေးကောင်းရရှိနေခြင်းတို့ကြောင့် စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးနိုင်ရန် ဆွတ်ခူးပြီးသော ကော်ဖီအစေ့များအား ပျိုးထောင်၍ ပျိုးပင်များ ဖြန့်ဖြူး ရောင်းချမည်ဖြစ်ကြောင်း ကော်ဖီစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်