မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး နိုဝင်ဘာ ၁၉

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့်  Grade 11 နှင့် Grade 12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ်သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training of Trainer) (TOT) အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချမည့် ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သော သင်တန်းသည် Grade 11 နှင့် Grade 12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို ဥပဒေပညာသင်ကြားပေးမည့် ဆရာ၊ ဆရာမများအား ဆရာဖြစ်သင်တန်း သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းဆင်း ဆရာ၊ ဆရာမများအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမများကို ထပ်ဆင့်သင်တန်းပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို သင်ရိုးညွှန်းတမ်းဖြင့် ပြန်လည်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် ဆရာ၊ ဆရာမများအနေဖြင့် မိမိကိုယ်တိုင် ဥပဒေပညာကို သိရှိနားလည်ပြီး ပြန်လည်သင်ကြားပို့ချပေးနိုင်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း၊ ယခုကဲ့သို့ ဥပဒေအသိပညာကို ကျောင်းသင်ခန်းစာတွင် သင်ရိုးညွှန်းတမ်းအဖြစ် ထည့်သွင်းသင်ကြားပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် ဥပဒေ၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ ဥပဒေပါတားမြစ်ချက်ကို မလိုက်နာခြင်း၊ ဥပဒေအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စကို ပျက်ကွက်ခြင်းတို့အတွက် ပြစ်ဒဏ်သတ်မှတ်ထားကြောင်းနှင့် ပြစ်မှုကျူးလွန်ပါက အပြစ်ရှိကြောင်းကို သိရှိခြင်းဖြင့် ဥပဒေကို လေးစားလိုက်နာတတ်စေရန်၊ နိုင်ငံသားတစ်ဦး၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် မျှော်မှန်းပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုအား  ပြသခဲ့သည်။

ယင်းနောက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(၆)ခုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ်သိန်း(၂၀၀)အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကပေးအပ်ရာ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က လက်ခံရယူခဲ့ပြီး၊ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းတွင် အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း(၁၆၅)ဦးအား တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိ(၇)ဦးက သင်ခန်းစာဘာသာရပ်(၇)ခုကို နိုဝင်ဘာလ(၁၈) ရက်နေ့မှ(၂၉) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာအထက်တန်းကျောင်း (၉၁၃)ကျောင်းရှိပြီး (၁)ကျောင်းလျှင် ဆရာ(၁)ယောက်နှုန်းဖြင့် (၉၁၃)ဦးအား စုစုပေါင်းသင်တန်း (၆)ကြိမ်ဖွင့်လှစ်၍ သင်ကြားပို့ချပေးသွားမည်ကာ ယခုသင်တန်းသည် ဒုတိယအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ