တနင်္သာရီမြို့-ချောင်းငယ်ဘုန်းကြီးကျောင်း၌ အရှင်ဂါမဏိ၏ ဓမ္မသဘင်အထူးတရားပွဲကျင်းပ

တနင်္သာရီ နိုဝင်ဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့-ချောင်းငယ်ရပ်ကွက်ဘုန်ကြီးကျောင်း သုခချမ်းသာဓမ္မာရုံအတွင်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဆုထူးပန်ရွှေကျင် ကျောင်းတိုက်ကြီး၏ စာချဆရာတော်(သာသနဓဇဓမ္မစရိယ၊ ဝိနယဝိဒူ၊)ဘွဲ့တံဆိပ်တော်ရ အရှင်ဂါမဏိ၏ဓမ္မသဘင် အထူးတရားပွဲကို ယမန်နေ့ည ၆ နာရီအချိန်မှစ၍ ကျင်းပပြုလုပ်ရာ ဓမ္မသဘင်ပွဲသို့ မ,တည် အလှူရှင်နှင့် ရပ်ကွက်အတွင်းမှ ဗုဒ္ဓဘာသာဝင်သူတော်စင်/သူတော်ကောင်းများ အထူးများပြားစွာ တရားတော်နာလာရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဓမ္မသဘင်ပွဲလာလူပရိသတ်အပေါင်းတို့က နမောတဿဘုရားသုံးကြိမ်ရွတ်ဆိုပူဇော်၍ ဓမ္မသဘင်အထူးတရားပွဲကို ဖွင့်လှစ်ပြီး ဆရာတော်အရှင်ဂါမဏိ၏အတ္ထုပတ္တိအကျဉ်းကို ဂေါပက ဦးကျော်လှိုင်စိုးက ဖတ်ကြားပူဇော်ပေးသည်။

ထို့နောက် ဆရာတော်အရှင်ဂါမဏိအား ချောင်းငယ်ရပ် အရပ်လူကြီးများက မဟာဓမ္မပလ္လင်ပေါ်သို့ ပင့်ဆောင်ပေးပြီး ဆရာတော်က လူပရိတ်သတ်အပေါင်းတို့အား ငါးပါးသီလနှင့် (အငိုနဲ့ပြန်မှာလား/ အပြုံးနဲ့ပြန်မှာလား) နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို ချီးမြှင့်မြွက်ကြားပေးတော်မူသည်။

ထို့နောက် ဆရာတော်အရှင်ဂါမဏိအား တရားပွဲဖြစ်မြောက်ရေး မ,တည်အလှူရှင် ဒေါ်ညွန့်သိန်း (ခ)ဒေါ်ကင်းနှင့် ထပ်တိုးအလှူရှင်များ၊ တရားပွဲလာပရိတ်သတ်များက ဓမ္မပူဇာဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ၍ အလှူအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ ဓမ္မသဘင်အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)